HomeCelebs Update NewsKoreaအမြဲတမ်း အထင်ကရဖြစ်နေမယ့် အလှဆုံးစတိုင်လ်နဲ့ ကိုရီးယားဒရာမာ ဇာတ်ကောင်များ 

အမြဲတမ်း အထင်ကရဖြစ်နေမယ့် အလှဆုံးစတိုင်လ်နဲ့ ကိုရီးယားဒရာမာ ဇာတ်ကောင်များ 

ကိုရီးယားဒရာမာတွေဟာ ရိုမန့်တစ်ဆန်ဆန် ဇာတ်လမ်းဇာတ်ကွက်တွေ၊ သူငယ်ချင်းတွေကြားက ခင်မင်မှု သံယောဇဉ်နဲ့ မိသားစုတွေကြားက နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် နာမည်ကြီးပါတယ်။ ဒါတင်မက မျက်စိပသာဒဖြစ်လွန်းတဲ့ ဖက်ရှင်နဲ့ ဝတ်စားဆင်ယင်မှုတွေဟာလည်း ကိုရီးယားဒရာမာတွေရဲ့ ဆွဲဆောင်မှုတစ်ခု ဖြစ်ပါတယ်။ ဖက်ရှင်ကျနမှုကို ဦးစားပေးထားတဲ့ ဒရာမာတွေထဲမှာမှ ဘယ်အချိန်ပြန်ကြည့်ကြည့် ကျက်သရေရှိရှိနဲ့ လှပနေမယ့် စတိုင်လ်အမိဆုံး ကာရိုက်တာတွေလည်း ရှိနေပါတယ်။ ပရိသတ်တွေရဲ့ အမြင်အာရုံကို ဖမ်းစားနိုင်ခဲ့တဲ့ စတိုင်လ်အမိုက်ဆုံး ဒရာမာဇာတ်ကောင်တွေကတော့ …

Shim Su Ryeon (The Penthouse: War in Life)
Photo via koreaboo

ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြတဲ့ နာမည်ကျော်ဇာတ်လမ်းတွဲ Penthouse ထဲက Shim Su Ryeon ဆိုတဲ့ ဇာတ်ကောင်ကတော့ ကြည့်ရှုသူတွေကို အမြဲရင်အေးစေခဲ့တဲ့ ကာရိုက်တာတစ်ခု ဖြစ်ပါတယ်။ မင်းသမီး Lee Ji Ah သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကောင်ဟာ အမြဲတမ်း ကျော့ရှင်းလှပနေသလို သူမရဲ့ ဖက်ရှင်ရွေးချယ်မှုဟာ အမြဲတမ်း အထက်တန်းကျပြီး timeless ဖြစ်တာကို တွေ့ရမှာပါ။ သူမဟာ အရောင်ငြိမ်ငြိမ်၊ အေးအေးလေးတွေကို ဝတ်ဆင်တတ်သလို အလွင့်ဒီဇိုင်း ဂါဝန်အရှည်လေးတွေကို နှစ်သက်သူလည်း ဖြစ်ပါတယ်။

Jang Man Wol (Hotel Del Luna)
Photo via koreaboo

IU သရုပ်ဆောင်ထားတဲ့ Hotel Del Luna ရဲ့ ပိုင်ရှင် Jang Man Wol ကတော့ စီးရီးတစ်ခုလုံးမှာ ပရိသတ်တွေ ရင်ထဲစွဲသွားစေမယ့် ဖက်ရှင်တွေကိုသာ ဆင်မြန်းခဲ့သူ ဖြစ်ပါတယ်။ သူမရဲ့ ဖက်ရှင်မှာတော့ အရောင်တောက်တောက်တွေ၊ ဦးထုပ်ဒီဇိုင်းအဆန်းတွေနဲ့ သွားရည်ယိုလောက်စရာ accessories တွေ ပါဝင်ပါတယ်။ ဟိုတယ်ထဲမှာ နှစ်ပေါင်းများစွာ ပိတ်မိနေတဲ့ ဝိဉာဉ်တစ်ယောက် ဖြစ်တဲ့အတွက် ခေတ်အလိုက် ဖက်ရှင်များစွာကို ဝတ်ဆင်ပြခဲ့သူလည်း ဖြစ်ပါတယ်။ သူမဟာ ခေတ်ဟောင်းပုံစံရော၊ ခေတ်သစ်ပုံစံကိုပါ လိုက်ဖက်လွန်းစွာ တလှည့်စီ ဆင်မြန်းပြခဲ့သူလည်း ဖြစ်ပါတယ်။

Yoon Se Ri (Crash Landing On You)
Photo via mydramalist

အလှကုန်နဲ့ ဖက်ရှင်ကုမ္ပဏီတွေရဲ့ ပိုင်ရှင်ဖြစ်တဲ့ Yoon Se Ri ကတော့ သူမရဲ့ အနေအထားအတိုင်း ထည်ဝါလှပတဲ့ စတိုင်လ်ကို ပိုင်ဆိုင်ထားပါတယ်။ မင်းသမီး Son Ye Jin ဟာ Yoon Se Ri အဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့သလို ကျိကျိတက် ချမ်းသာတဲ့ အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်ရဲ့ ဖက်ရှင်ပီသဖို့ နာမည်ကြီး ဇိမ်ခံ ဒီဇိုင်နာ brand တွေကိုပဲ ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားကို ရောက်သွားပြီး နာမည်ကြီး အကောင်းစား brand တွေ မရှိတာတောင်မှပဲ သူမရဲ့ ကိုယ်ပိုင်ထည်ဝါတဲ့ စတိုင်လ်ကို အမိအရ ဆင်မြန်းပြခဲ့သူလည်း ဖြစ်ပါတယ်။

Cheon Seo Jin (The Penthouse: War in Life)
Photo via IMDb

ဘဝမှာ ရည်မှန်းချက် ကြီးမားသလို အတ္တလည်းကြီးတဲ့ အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်နေရာက Cheon Seo Jin ကတော့ သူမရဲ့ စိတ်နေစိတ်ထားနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်တွေကို ဆင်မြန်းထားတာ တွေ့ရပါတယ်။ ထင်းခနဲ၊ လင်းခနဲ ဆွဲဆောင်မှုရှိစေပြီး အပြင်းစား ညှို့အားကို ဖြစ်ပေါ်စေမယ့် သူမရဲ့ ဝတ်စုံတွေကတော့ ပူလောင်စူးရှတဲ့ သူမရဲ့အလှနဲ့ တကယ်ကို ဟန်ချက်ညီနေပါတယ်။

Ko Mun Yeong (It’s Okay to Not Be Okay)
Photo via mydramalist

Ko Mun Yeong ရဲ့ ကာရိုက်တာနဲ့ လိုက်ဖက်ဖို့အတွက် မင်းသမီးချော Seo Ye Ji ကတော့ အရောင်တစ်ရောင်တည်းအပေါ် အခြေခံတဲ့ ဖက်ရှင်တွေကို ဝတ်ဆင်ခဲ့ပါတယ်။ Ko Mun Yeong ဟာ ပြောင်းလဲလွယ်တဲ့ သူမရဲ့ စိတ်အခြေအနေအတိုင်းပဲ သူမရဲ့ ဖက်ရှင်တွေကိုလည်း အဖြူဆိုအဖြူချည်း၊ အမည်းဆိုအမည်းချည်းပဲ ဝတ်ဆင်တတ်ပါတယ်။

Hong Cha Young (Vincenzo)
Photo via koreaboo

Vincenzo ထဲက Hong Cha Young ကတော့ ဉာဏ်ရည်မြင့်မားတဲ့ အမျိုးသမီးရှေ့နေတစ်ယောက် ပီသဖို့အတွက် suits တွေကိုသာ အသားပေး ဝတ်ဆင်ထားတာ တွေ့ရပါတယ်။ စူးရှထက်မြက်တဲ့ ပညာတတ် အမျိုးသမီးတစ်ယောက်ရဲ့ အသွင်ကို အပြည့်အဝ ခံစားရစေဖို့ suits တွေကို ဝတ်ဆင်ပေမယ့် ရိုးမသွားရလေအောင် အရောင်လွင်လွင်လေးတွေကိုလည်း ဆင်မြန်းထားပါသေးတယ်။

ဒါကတော့ ကိုရီးယားဒရာမာတွေထဲက အမိုက်စား စတိုင်လ်နဲ့ ဇာတ်ကောင်တွေကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားသော ဇာတ်ကောင်တွေ ရှိရင်လည်း ပြန်လည်မျှဝေပေးခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular