HomeEntertainmentFilmမင်းသားကြီး Tom Hanks ကို Elvis Presley ရဲ့မန်နေဂျာအဖြစ် မြင်တွေ့ရဦးမယ့် Elvis ရုပ်ရှင်

မင်းသားကြီး Tom Hanks ကို Elvis Presley ရဲ့မန်နေဂျာအဖြစ် မြင်တွေ့ရဦးမယ့် Elvis ရုပ်ရှင်

မင်းသားကြီး Tom Hanks ကတော့ မကြာခင် ရုံတင်ပြသတော့မယ့် Elvis ရုပ်ရှင်ထဲမှာ ပရိသတ်တွေ ရုတ်တရက် မမှတ်မိနိုင် ဖြစ်သွားလောက်တဲ့ ဇာတ်ရုပ်ပုံစံနဲ့ သရုပ်ဆောင်ထားပါတယ်။ Elvis ရုပ်ရှင်ကတော့ နာမည်ကျော်ဂန္ထဝင် ရော့ခ်အင်ရိုးလ် ဖခင်ကြီး Elvis Presley ရဲ့ဘဝအကြောင်းကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းထဲမှာတော့ မင်းသားကြီး Tom Hanks ဟာ Elvis ရဲ့မန်နေဂျာ Colonel Tom Parker နေရာက သရုပ်ဆောင်ထားပါတယ်။ မင်းသားကြီးဟာ ဒီဇာတ်ရုပ်ကို လက်ခံဖို့ စဉ်းစားတုန်းက Elvis ရဲ့မန်နေဂျာ Colonel Tom Parker ရဲ့ရုပ်ကို မမြင်ဖူးခဲ့ဘူးလို့ ဆိုပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ဓာတ်ပုံကို ကြည့်လိုက်တော့မှ “ငါ ဘာတွေလုပ်မိသွားပြီလဲ …” လို့ တွေးခဲ့မိတဲ့အကြောင်း မကြာသေးခင်က ကျင်းပပြီးစီးခဲ့တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပြောပြသွားပါတယ်။

Photo via IMDb

Elvis ရဲ့မန်နေဂျာ Tom Parker ဟာ ဝဝဖိုင့်ဖိုင့်နဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တာကြောင့် သူနဲ့အနီးစပ်ဆုံး တူညီဖို့အတွက် မင်းသားကြီးဟာ ကိုယ်အလေးချိန် ပြောင်းလဲမှုတွေ အပြင်းအထန်လုပ်ဖို့ လိုအပ်ခဲ့ပါတယ်။ သို့သော်လည်း မင်းသားကြီးဟာ ငယ်တုန်းရွယ်တုန်းကသာ ဒီလိုကိုယ်အလေးချိန် ပြောင်းလဲမှုတွေကို ပြုလုပ်ဖို့ အားသန်ခဲ့ပေမယ့် အသက်ကြီးလာတဲ့အခါမှာတော့ Type II ဆီးချိုရောဂါကို ခံစားလာရတဲ့အတွက် ဒါမျိုးတွေကို မပြုလုပ်နိုင်တော့ဘူးလို့ ၂၀၁၃ ခုနှစ်တုန်းတည်းက ပြောထားခဲ့ပါတယ်။

ဒါကြောင့်ပဲ မင်းသားကြီးဟာ Tom Parker ရဲ့ပုံစံ ရရှိဖို့အတွက် အထူးမိတ်ကပ်တွေနဲ့ body-suit တွေကို အားကိုးခဲ့ရပါတယ်။ ဒါ့အပြင် Tom Parker ဟာ ဒတ်ချ်-အမေရိကန်လူမျိုး ဖြစ်တာကြောင့် စကားပြော လေယူလေသိမ်းကိုလည်း ဒတ်ချ်တစ်ယောက်ရဲ့ လေသံပေါက်အောင် ပြောင်းလဲခဲ့ရပါသေးတယ်။

Photo via IMDb

သို့သော်လည်း Elvis ရုပ်ရှင်ဟာ ယခုတည်းက အဆိုးမြင်ဝေဖန်ချက်အချို့ကို ရရှိနေပါတယ်။ သရုပ်ဆောင် Austin Butler သရုပ်ဆောင်ထားတဲ့ Elvis ဇာတ်ကောင်ဟာ “အိပ်မက်ဆိုး”တစ်ခုပဲလို့ ဝေဖန်ထားတာလည်း ရှိသလို ဒီဇာတ်ကားထဲက မင်းသားကြီး Tom Hanks ရဲ့ သရုပ်ဆောင်မှုဟာလည်း သူ့ဘဝတလျှောက်မှာ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ရုပ်အားလုံးထဲမှာ အဆိုးဝါးဆုံးပဲလို့ လူတချို့ကတော့ ဝေဖန်နေကြပါတယ်။

သို့ပေမယ့်လည်း မင်းသားကြီး Tom Hanks ကတော့ သူသရုပ်ဆောင်ရမယ့် Colonel Tom Parker ရဲ့ ဇာတ်ရုပ်မှာ အလားအလာရှိတယ်လို့ တွေ့မြင်တာကြောင့် လက်ခံခဲ့တာလို့ ဆိုပါတယ်။

Photo via IMDb

“Parker ဟာ ခန့်မှန်းရခက်တဲ့ လူတစ်ယောက်ဖြစ်သလို လူတော်တစ်ယောက်လည်း ဖြစ်ပါတယ်။ ပြီးတော့ ပိုက်ဆံကို ဘယ်လို မတရားတဲ့နည်းနဲ့ ရှာရမလည်းဆိုတာလည်း သိတဲ့လူ ဖြစ်ပါတယ်။ သူ ပထမဆုံး Elvis ကို စတွေ့လိုက်ပြီး ပရိသတ်တွေက ဘယ်လိုတုံ့ပြန်ကြတယ်ဆိုတာ တွေ့လိုက်တည်းက ဒီကောင်လေးကတော့ တားမြစ်ထားတဲ့ သစ်သီးတစ်လုံးပဲဆိုတာ သူသိလိုက်တယ်။ ပြီးတော့ တားမြစ်ထားတဲ့ သစ်သီးနဲ့သာဆို ခင်ဗျား ပိုက်ဆံတွေ ဗုန်းပေါလအော ရှာနိုင်တယ်လေ … ” လို့ ဒီဇာတ်ကောင်အပေါ် သူ့ရဲ့အမြင်ကို မင်းသားကြီးက ပြောထားပါတယ်။

Colonel Tom Parker ကတော့ ၁၉၅၅ ခုနှစ်မှာ Elvis Presley ကို စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ တလျှောက်လုံး အတူတူ လက်တွဲအလုပ်လုပ်ခဲ့ကြပြီး ၁၉၇၇ ခုနှစ်မှာ Elvis ကွယ်လွန်တဲ့အထိပါပဲ။ Parker ကတော့ ၁၉၉၇ ခုနှစ်ကျတော့မှ ကွယ်လွန်သွားခဲ့ပါတယ်။

မင်းသားကြီး Tom Hanks ကတော့ “Tom Parker သာမရှိရင် Elvis ဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ Elvis သာမရှိရင်လည်း Tom Parker ဆိုတာ မရှိနိုင်ပါဘူး။ သူတို့နှစ်ယောက်က အပြန်အလှန် မှီခိုအားထားရတဲ့ ဆက်ဆံရေးမျိုးပါ …” လို့ သူ့ရဲ့အမြင်ကို ပြောထားပါသေးတယ်။

Elvis ရုပ်ရှင်ကိုတော့ ဒါရိုက်တာ Baz Luhrmann က ရိုက်ကူးပေးထားပြီး Tom Hanks ၊ Austin Butler ၊ Olivia DeJonge ၊ Dacre Montgomery တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကိုတော့ ဇွန်လ(၂၄)ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

Vancouver

Source: nypost

RELATED ARTICLES

Most Popular