HomeEntertainmentMusicSeason 23 အပြီးမှာ The Voice ကနေ ထွက်ခွာတော့မယ့် Blake Shelton

Season 23 အပြီးမှာ The Voice ကနေ ထွက်ခွာတော့မယ့် Blake Shelton

နာမည်ကျော် country အဆိုတော် Blake Shelton ဟာ နာမည်ကြီးအဆိုပြိုင်ပွဲတစ်ခု ဖြစ်တဲ့ The Voice ကနေ ဒိုင်အဖြစ် ကာလရှည်ကြာ တာဝန်ယူခဲ့ရာမှ မကြာခင်မှာ ကျောခိုင်းထွက်ခွာတော့မယ်လို့ ဆုံးဖြတ်ချက်ချလာပါတယ်။ Blake Shelton ဟာ The Voice အဆိုပြိုင်ပွဲမှာ (၁၂)နှစ်ကြာ ဒိုင်အဖြစ် တာဝန်ယူ ဆောင်ရွက်ပေးလာခဲ့တာ ဖြစ်ပါတယ်။

သို့သော်လည်း ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ Blake ဟာ ယခုလာမယ့် The Voice season အသစ်ဟာ သူ့ရဲ့နောက်ဆုံး ပါဝင်မှုဖြစ်မယ်လို့ ကြေညာလိုက်ပါတယ်။ Blake ဟာ သူ့ရဲ့(၁၂)နှစ်ကြာ ဒိုင်အဖြစ် ဆောင်ရွက်ခဲ့မှုမှာ Season ပေါင်း (၂၃)ခုအထိ ဆက်တိုက် ပါဝင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

Photo: blakeshelton/ Instagram

“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် နပန်းလုံးနေခဲ့ရတာ အချိန်အတော်လေး ကြာပါပြီ။ ဒါပေမယ့် အခုဆိုရင်တော့ လာမယ့် The Voice ရဲ့ season 23 ပြီးသွားရင် ဒီပွဲကနေ ထွက်ခွာဖို့ အချိန်ကျရောက်ပြီလို့ ထင်တဲ့အတွက် နှုတ်ဆက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဒီပွဲဟာ ကျွန်တော့်ရဲ့ဘဝကို နည်းလမ်းမျိုးစုံနဲ့ ပိုမိုကောင်းမွန်အောင် ပြောင်းလဲပေးခဲ့တာပါ။ ဒါကြောင့် ကျွန်တော့်အတွက် ဒီပြိုင်ပွဲဟာ အိမ်လိုပဲ အမြဲတမ်း ရင်းနှီးနွေးထွေးစွာ ခံစားနေရဦးမှာပါ …”

“(၁၂)နှစ်တာကာလဆိုတာ တကယ့် ကြာရှည်တဲ့ခရီးတစ်ခုပါပဲ။ NBC ရုပ်သံလိုင်းရဲ့ The Voice အစီအစဉ်မှာ ပါဝင်သူအားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ထုတ်လုပ်သူတွေ၊ ဇာတ်ညွှန်းရေးသူတွေ၊ ဂီတပညာရှင်တွေ၊ crew အဖွဲ့သားတွေ၊ ဒီအစီအစဉ်အတွက် အောက်ခြေသိမ်းကအစ အစစအရာရာ စီစဉ်လုပ်ကိုင်ပေးခဲ့ကြသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ live show တစ်ခုကို တစ်ပတ်မှာ နှစ်ကြိမ် ထုတ်လွှင့်နိုင်ဖို့ဆိုတာဟာ လုပ်အားတွေလည်း အများကြီးလိုအပ်သလို စိတ်ဝင်တစား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ယမကာတွေလည်း လိုအပ်ပါတယ်။ (ဟား…)”

Photo: nbcthevoice/ Instagram

“ကျွန်တော်ဟာ Carson နဲ့ဆိုရင် တစ်ဘဝလုံးစာလောက် ရင်းနှီးခင်မင်မှုတွေ ရရှိခဲ့ပြီး တလျှောက်လုံး ပါဝင်ခဲ့ကြတဲ့ ဒိုင်တွေနဲ့လည်း ရင်းနှီးမှုတွေ ရရှိခဲ့ပါတယ်။ ကျွန်တော့်ရဲ့ဇနီး Gwen Stefani အပါအဝင်ပေါ့ဗျာ။ ပြီးတော့ အဆိုဝါသနာရှင်အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ season တစ်ခုပြီးတစ်ခု ဒီပွဲမှာ လာရောက်ပြိုင်ပွဲဝင်ခဲ့ကြပြီး ကျွန်တော့်ကို သူတို့ရဲ့နည်းပြအဖြစ် ရွေးချယ်ခဲ့ကြသူတွေကိုလည်း အထူးပဲကျေးဇူးတင်ပါတယ် …”

“နောက်ဆုံးအနေနဲ့ ကျေးဇူးတင်ချင်တာကတော့ ပရိသတ်တွေပါပဲ။ ဒီအစီအစဉ်ကို လာရောက်ယှဉ်ပြိုင်ကြတဲ့ artist တွေနဲ့ ကျွန်တော်တို့ ဒိုင်တွေအပါအဝင် သူတို့ရဲ့အိပ်မက်တွေကို လာရောက်ထုဆစ်ကြသူတွေကို ကြည့်ရှုပေးပြီး တခဲနက် အားပေးကြတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။ ပရိသတ်တွေသာမရှိရင် ဒီပွဲလည်းအခုလို ရှေ့ဆက်နိုင်မှာ မဟုတ်ပါဘူး …” လို့ Blake က နှုတ်ဆက်စကား ဆိုထားပါတယ်။

Photo: blakeshelton/ Instagram

Blake ကတော့ The Voice အဆိုပြိုင်ပွဲရဲ့ Season 1 ကနေ ဒိုင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ယခုမကြာခင် ထုတ်လွှင့်ပြသတော့မယ့် Season 23 ကတော့ Blake ရဲ့ နောက်ဆုံး season ဖြစ်မှာ ဖြစ်ပြီး သူနဲ့အတူ ဒိုင်အဖြစ် ဆောင်ရွက်ကြမယ့် artist တွေကတော့ Kelly Clarkson ၊ Chance the Rapper နဲ့ Niall Horan တို့ပဲ ဖြစ်ပါတယ်။

Glasgow

Source: people

RELATED ARTICLES

Most Popular