HomeEntertainmentMusicBillboard မှာ နံပါတ်(၁)ပြန်ဖြစ်နေတဲ့ Mariah Carey ရဲ့ All I Want For Christmas Is...

Billboard မှာ နံပါတ်(၁)ပြန်ဖြစ်နေတဲ့ Mariah Carey ရဲ့ All I Want For Christmas Is You

ခရစ်စမတ်ကာလကို ရောက်ရှိလာပြီ ဖြစ်တာကြောင့် ရာသီအချိန်နဲ့ ကိုက်ညီမယ့် သီချင်းတွေကလည်း နားဆင်သူတွေရဲ့ playlist ထဲမှာ တဖန်ပြန်လည် ရောက်ရှိလာကြပြီ ဖြစ်ပါတယ်။ ခရစ်စမတ်ကာလမှာ ဂီတချစ်သူတွေရဲ့ နေ့ရက်တွေကို လွှမ်းမိုးလေ့ရှိတဲ့ နာမည်ကျော် Classic တေးသီချင်းတစ်ပုဒ်လည်း ရှိပါတယ်။ အဲဒါကတော့ နာမည်ကျော်အဆိုတော် Mariah Carey ရဲ့ “All I Want For Christmas Is You” ပဲ ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ ဖော်ပြလာတဲ့ Billboard Hot 100 Charts မှာတော့ Mariah Carey ရဲ့ “All I Want For Christmas Is You” ဟာ နံပါတ်(၁)နေရာကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ ဒီသီချင်းဟာ ၂၀၁၉ ခုနှစ်တည်းက စတင်ပြီး ခရစ်စမတ်ကာလတိုင်းမှာ Billboard နံပါတ်(၁) ချိတ်လာတာဟာ ယခုနဲ့ဆိုရင် လေးနှစ်ဆက်တိုက် ရှိနေပြီ ဖြစ်ပါတယ်။

Photo: billboardcharts/ Twitter

ဒီသီချင်းဟာ ၁၉၉၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ သူမရဲ့စတုတ္ထမြောက် စတူဒီယိုအယ်လ်ဘမ်လည်းဖြစ်၊ ပထမဆုံး holiday album လည်းဖြစ်တဲ့ “Merry Christmas”ထဲက lead single တစ်ပုဒ် ဖြစ်ပါတယ်။ ဒီသီချင်းဟာ ၂၀၁၉ ခုနှစ် ခရစ်စမတ်ကာလက စတင်ပြီး Billboard နံပါတ်(၁) ဖြစ်ခဲ့တာမှာ၊ ၂၀၂၀ ခုနှစ်၊ ၂၀၂၁ ခုနှစ်နဲ့ ယခု ၂၀၂၂ ခုနှစ် ခရစ်စမတ်ကာလတွေမှာလည်း ဆက်တိုက် နံပါတ်(၁)နေရာကို ရယူလာခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း Billboard မှာ ပထမဆုံး နံပါတ်(၁)ချိတ်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ(၂၁)ရက်နေ့က ယခုလက်ရှိအချိန်ထိ အရှည်ကြာဆုံး နံပါတ်(၁)နေရာကို ရယူထားနိုင်တဲ့ သီချင်းတစ်ပုဒ်အဖြစ် စံချိန်တင်နေပါတယ်။ ဒါ့အပြင် holiday hit အနေနဲ့ ရက်သတ္တပတ်အများဆုံး နံပါတ်(၁)ချိတ်ထားတဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်နေပါတယ်။

Photo: mariahcarey/ Instagram

ဒါကြောင့်လည်း မနှစ်က ၂၀၂၁ ခုနှစ်မှာတော့ Mariah ရဲ့ “All I Want For Christmas Is You”ဟာ RIAA (Recording Industry Association of America)က ပေးအပ်တဲ့ Diamond Award ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ holiday single တွေများစွာထဲမှာ ပထမဆုံးသော Diamond Award ကို ရရှိခဲ့တဲ့ သီချင်းတစ်ပုဒ်အဖြစ်လည်း သမိုင်းတွင်သွားပါတယ်။

အလားတူပဲ ယခုခရစ်စမတ်ကာလမှာတော့ ပုံမှန်တေးသီချင်းတွေကို ကျော်တက်ပြီး holiday single တွေက Billboard Chart ရဲ့ အပေါ်ဆုံးနေရာတွေမှာ ရပ်တည်နေကြပါတယ်။ Mariah ရဲ့ “All I Want For Christmas Is You” က နံပါတ်(၁) ချိတ်နေတဲ့အပြင် နံပါတ်(၂)နေရာမှာတော့ Brenda Lee ရဲ့ “Rockin’ Around The Christmas Tree” ၊ နံပါတ်(၃)နေရာမှာတော့ Bobby Helms ရဲ့ “Jingle Bell Rock” ၊ နံပါတ်(၄)နေရာမှာတော့ Burl Ives ရဲ့ “A Holly Jolly Christmas” နဲ့ နံပါတ်(၉)နေရာမှာတော့ Wham! အဖွဲ့ရဲ့ “Last Christmas” သီချင်းတွေက အသီးသီး ရပ်တည်နေကြပါတယ်။

Glasgow

Source: people/billboard

RELATED ARTICLES

Most Popular