HomeEntertainmentFilmJohn Wick လို ခပ်ကြမ်းကြမ်းကားတွေ ကြိုက်နှစ်သက်ရင် ကြည့်ရှုသင့်တဲ့ရုပ်ရှင်များ

John Wick လို ခပ်ကြမ်းကြမ်းကားတွေ ကြိုက်နှစ်သက်ရင် ကြည့်ရှုသင့်တဲ့ရုပ်ရှင်များ

John Wick ရုပ်ရှင်တွေကတော့ ပရိသတ်တွေကြားမှာ မသိသူ မရှိလောက်အောင် အောင်မြင်မှုတွေ ရရှိထားပါတယ်။ ဒီရုပ်ရှင်တွေထဲက ဖိုက်တင်ဇာတ်ဝင်ခန်းတွေဟာလည်း ကြမ်းကြမ်းရမ်းရမ်းနဲ့ တကယ့်ကို Entertain ဖြစ်စေပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ John Wick လိုမျိူး ကြမ်းကြမ်းရမ်းရမ်း ဖိုက်တင်ဇာတ်ဝင်ခန်းတွေ ပါဝင်တဲ့ ရုပ်ရှင်ကားကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

Accident Man

photo credit Sony Pictures

ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Mike ဆိုတဲ့ ကြေးစားလူသတ်သမားအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Mike ကတော့ သူ့ရဲ့ပစ်မှတ်တွေကို ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့ပုံစံနဲ့ မတော်တဆဖြစ်ရပ်တွေလိုမျိူး ဖန်တီးပြီး သတ်ပစ်တာကြောင့် နာမည်ကြီးပါတယ်။ ဒါပေမယ့်လည်း သူချစ်ရတဲ့ လူတစ်ယောက် သေဆုံးသွားတဲ့အချိန်မှာတော့ အဲ့ဒီလူသတ်မှုကို ဘယ်သူလုပ်သွားလည်းဆိုတာ လိုက်လံစုံစမ်းပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Scott Adkins ၊ Ashley Greene နဲ့ Ray Stevenson တို့က အဓိက ပါဝင်ထားပါတယ်။

Furie

photo credit Netflix

ဒီရုပ်ရှင်ကတော့ Netflix က ထုတ်လုပ်ခဲ့တဲ့ ဗီယက်နမ်ရုပ်ရှင် ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူကုန်ကူးသူတွေဟာ Hai Phuong ရဲ့သမီးလေးကို သူတို့ရွာကနေ ပြန်ပေးဆွဲသွားကြပါတယ်။ ဒါကြောင့်ပဲ Hai Phuong ကတော့ သူ့သမီးလေးကို ကယ်တင်နိုင်ဖို့အတွက် လူကုန်ကူးသူတွေနဲ့ ရင်ဆိုင် တိုက်ခိုက်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Ngo Thanh Van နဲ့ YaYa Truong Nhi တို့က အဓိကပါဝင်ထားပါတယ်။

Violent Night

photo credit Universal Pictures

ဒီရုပ်ရှင်ကတော့ ၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ခရစ်စမတ်အကြိုညမှာ ကြေးစားအဖွဲ့တစ်ခုဟာ မိသားစုတစ်စုရဲ့ အိမ်ထဲကို ဝင်လာပြီး အားလုံးကို ဓားစာခံလုပ်ထားပါတယ်။ ဒါပေမယ့်လည်း သူတို့အားလုံးကို Surprise ဖြစ်သွားစေတာကတော့ Santa Claus ရောက်လာတာပါပဲ။ Santa ကလည်း သာမန်အဘိုးကြီးတစ်ယောက် မဟုတ်ဘဲ အဲဒီကြေးစားတွေအားလုံးကို အရည်ကြိုသောက်လို့ရအောင် တိုက်ခိုက်နိုင်တဲ့အခါမှာတော့…။ သရုပ်ဆောင်တွေကတော့ David Harbour ၊ Beverly D’Angelo နဲ့ John Leguizamo တို့ ပါဝင်ထားပါတယ်။

Atomic Blonde

photo credit Focus Features

ဒီရုပ်ရှင်က‌တော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.7) ရရှိထားပါတယ်။ ၁၉၈၉ ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး MI6 အေးဂျင့်တစ်ယောက်ဟာ အေးဂျင့်တစ်ယောက် အသတ်ခံရမှုနဲ့ အခြားပျောက်ဆုံးနေတဲ့ အေးဂျင့်တွေအကြောင်း စုံစမ်းဖို့ ဂျာမနီနိုင်ငံ ဘာလင်မြို့ကို ရောက်လာခဲ့ပါတယ်။ သရုပ်ဆောင်တွေကတော့ Charlize Theron ၊ James McAvoy နဲ့ Sofia Boutella တို့ ပါဝင်ထားပါတယ်။

Extraction

photo credit Netflix

ဒီရုပ်ရှင်ကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (6.8) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ထောင်ကျနေတဲ့ ဒုစရိုက်ခေါင်းဆောင်တစ်ယောက်ရဲ့ သားဟာ ပြန်ပေးဆွဲခံလိုက်ရတာကြောင့် ကြေးစားတစ်ယောက်ကို ငှားပြီး ပြန်လည်ကယ်ဆယ်စေတဲ့ မစ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီကြေးစားကတော့ ဒီမစ်ရှင်မှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Chris Hemsworth ၊ Golshifteh Farahani နဲ့ David Harbour တို့ အဓိကပါဝင်ထားပါတယ်။

Sisu

photo credit Lionsgate

ဒီရုပ်ရှင်ကတော့ ၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.9) ရရှိထားပါတယ်။ ဒုတိယကမ္ဘာစစ် ပြီးခါနီးမှာ ဇာတ်အိမ်တည်ထားပြီး တပ်ဆုတ်လာတဲ့ နာဇီတွေဟာ ကျောက်တူးသမားတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ အဲဒီနောက် နာဇီတွေဟာ အဲဒီကျောက်တူးသမား ဖွက်ထားတဲ့ ရွှေတွေကို ခိုးယူသွားတဲ့အခါမှာတော့ ကျောက်တူးသမားဟာ သာမန်လူတစ်ယောက် မဟုတ်မှန်း သိလိုက်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Jorma Tommila ၊ Mimosa Willamo နဲ့ Aksel Hennie တို့ ပါဝင်ထားပါတယ်။

Nobody

photo credit Universal Pictures

ဒီရုပ်ရှင်ကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.4) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမျိူးသမီးတစ်ယောက်ကို လူတစ်စုက နှောင့်ယှက်နေတာကြောင့် ဘေးလူတစ်ယောက်က မနေနိုင်ဘဲ ဝင်ကူညီလိုက်မိပါတယ်။ ဒါကြောင့်ပဲ အဲ့ဒီဘေးလူဟာ မူးယစ်ရာဇာတစ်ယောက်ရဲ့ ပစ်မှတ်ဖြစ်သွားပြီး အသက်ရှင်သန်နိုင်ဖို့အတွက် ကြိုးစားရပါတော့တယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Bob Odenkirk ၊ Aleksey Serebryakov နဲ့ Connie Nielsen တို့က အဓိက ပါဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular