HomeCelebs Update NewsKoreaကိုယ်ဝန်လွယ်ထားရပြီး မကြာခင်မှာ လက်ထပ်ကြတော့မယ်ဆိုတဲ့ Park Shin Hye နဲ့ Choi Tae Joon 

ကိုယ်ဝန်လွယ်ထားရပြီး မကြာခင်မှာ လက်ထပ်ကြတော့မယ်ဆိုတဲ့ Park Shin Hye နဲ့ Choi Tae Joon 

မင်းသမီးချော Park Shin Hye နဲ့ Choi Tae Joon တို့ ချစ်သူနှစ်ဦးကတော့ မကြာခင်မှာ လက်ထပ်ကြတော့မယ်လို့ အသိပေးလာပြီး ကိုယ်ဝန်လွယ်ထားရတဲ့အကြောင်းကိုလည်း ပရိသတ်ကို အသိပေးလိုက်ပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၁၇ ခုနှစ် နှောင်းပိုင်းမှာ စတွဲခဲ့ကြတာဖြစ်ပြီး ၂၀၁၈ ခုနှစ် မတ်လမှာတော့ ပရိသတ်ကို တရားဝင်ထုတ်ပြောပြီး ချစ်သူတွေအဖြစ် လျှောက်လှမ်းခဲ့ကြတာ ဖြစ်ပါတယ်။

ယနေ့ နိုဝင်ဘာလ(၂၃)ရက်နေ့မှာတော့ သူတို့နှစ်ဦးရဲ့ အေဂျင်စီတွေဖြစ်တဲ့ SALT Entertainment နဲ့ Santa Claus Entertainment တို့က Park Shin Hye နဲ့ Choi Tae Joon တို့ လက်ထပ်ကြတော့မယ့်အကြောင်းကို အသီးသီး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

Photo: ssinz7/ Instagram

မင်္ဂလာပွဲကိုတော့ လာမယ့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၂)ရက်နေ့ ဆိုးလ်မြို့မှာ ပြုလုပ်မှာဖြစ်ပြီး ရင်းနှီးတဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပဲ သီးသန့်ကျင်းပမယ်လို့ သိရပါတယ်။ ဒါ့အပြင် SALT Entertainment ရဲ့ ကြေညာချက်အရ မင်းသမီး Park Shin Hye မှာ ကိုယ်ဝန်ရှိနေပြီလို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး သရုပ်ဆောင်နှစ်ယောက်လုံးကတော့ သူတို့ရဲ့ fan cafe တွေမှာ အသီးသီး ကြေညာချက်ထုတ်ကာ ပရိသတ်တွေကို ကိုယ်တိုင်အသိပေးထားပါသေးတယ်။

Photo: ssinz7/ Instagram

Park Shin Hye ရေးသားထားတဲ့ ပရိသတ်တွေဆီ ပေးစာကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

“မင်္ဂလာပါ။ ကျွန်မ Park Shin Hye ပါ။ အခုရက်ပိုင်းမှာ ရာသီဥတုက အေးလာတော့ အားလုံးပဲ နေကောင်းကျန်းမာကြပါရဲ့လားလို့ စိတ်ပူမိပါတယ် … ”

“ဟိုတစ်နေ့တုန်းကပဲ အိမ်ရှင်းရင်းနဲ့ လွန်ခဲ့တဲ့ အနှစ်(၂၀)ကျော်က ကျွန်မရဲ့ ပထမဆုံးအေဂျင်စီနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်လေးကို ပြန်ရှာတွေ့တယ်။ ကျွန်မက (၆)တန်းကျောင်းသူပဲ ရှိသေးတာ။ မင်းသမီးဖြစ်လာတော့ အလယ်တန်းကျောင်း ဒုတိယနှစ်ပဲ ရှိသေးတယ်လေ။ မျက်စိတမှိတ်လေးအတွင်းမှာပဲ (၁၈)နှစ်ဆိုတဲ့ကာလက ကုန်လွန်သွားခဲ့ပြီ။ အချိန်တွေကုန်တာ မြန်လိုက်တာလို့ ခံစားမိတယ် … ”

“ကျွန်မရဲ့ ကလေးဘဝမှာ လူတွေအများကြီးက ဘေးမှာ ရှိနေပေးခဲ့တယ်။ သူတို့ရဲ့ကျေးဇူးနဲ့ ချစ်ခင်အားပေးမှုတွေကြောင့်ပဲ ကျွန်မဟာ မင်းသမီးတစ်ယောက်အဖြစ် အရွယ်ရောက်လာပြီး မတူညီတဲ့ စရိုက်မျိုးစုံကို ဇာတ်ကားပေါင်းစုံမှာ ချပြခွင့် ရခဲ့ပါတယ်။ အများအားဖြင့် ကင်မရာရှေ့မှာတော့ ကျွန်မဟာ ပျော်ရွှင်နေသူပေါ့။ ဒါပေမယ့် ကျွန်မမှာ အခက်အခဲတွေ ကြုံလာတိုင်း ပရိသတ်တွေကပဲ ကျွန်မကို အင်အားတွေ၊ သတ္တိတွေ ပေးခဲ့ကြတာပါ။ ပရိသတ်တစ်ယောက်စီတိုင်းရဲ့ အားပေးစကားတွေဟာ ကျွန်မကို ပြန်လည်ရပ်တည်နိုင်စေပြီး ကင်မရာရှေ့မှာ ကောင်းကောင်း အလုပ်လုပ်နိုင်စေခဲ့တယ်လေ … ”

Photo: ssinz7/ Instagram

“အဲဒါကြောင့် ဒီနေ့ ပြောပြချင်တဲ့ သတင်းလေးနဲ့ ပတ်သက်ပြီး ကျွန်မ အရမ်းစိတ်ပူမိပါတယ်။ တစ်ဘက်မှာလည်း အခုလို ရုတ်တရက်ကြီး ကြားလိုက်ရတဲ့သတင်းကြောင့် လန့်သွားကြမလားလို့ စိုးရိမ်မိပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေအားလုံးကို အရင်ဆုံး ပြောပြချင်တာပါ … ”

“ကျွန်မ အချိန်အကြာကြီး တွဲလာခဲ့တဲ့ ချစ်သူနဲ့ လက်ထပ်တော့မှာပါ။ သူက ကျွန်မကို အချိန်အကြာကြီး အားပေးလာခဲ့တဲ့လူပါ။ ပြီးတော့ Park Shin Hye ဆိုတဲ့ လူကြောင့် ဖြစ်လာတဲ့ အမှားအယွင်းတွေ၊ ဒုက္ခတွေအားလုံးကို ရင်ဆိုင်ပွေ့ဖက်ပေးခဲ့သူပါ။ အဲဒါကြောင့် သူနဲ့အတူ ဇနီးမောင်နှံတွေအဖြစ် ဘဝကို စတင်ချင်ပါတယ် … ”

Photo: ssinz7/ Instagram

“နောက်ပြီး အခုက ပြောဖို့အရမ်းစောလွန်းနေသေးတဲ့ အချိန်ဆိုပေမယ့် ကျွန်မတို့မှာ ကံကောင်းခြင်းအဖြစ် ရင်သွေးလေးလည်း လွယ်ထားရပါပြီ။ တခြားဘယ်သူ့ကိုမှ မပြောရသေးခင် ပရိသတ်တွေကို အရင်ဆုံး ပြောပြချင်လို့ပါ။ မိသားစုဘဝလေး ထူထောင်ပြီးရင်လည်း ကောင်းမွန်ပျော်ရွှင်အောင် တည်ဆောက်ပြပါမယ်လို့ ပြောချင်ပါတယ် …”

“ကျွန်မကို ပရိသတ်တွေအားလုံးရဲ့ အချစ်တွေနဲ့ ချစ်ခင်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အချိန်တစ်ခုလောက်တော့ ယူရမယ်ဆိုပေမယ့် မင်းသမီးကောင်းတစ်လက်အဖြစ် မကြာခင်မှာပဲ ပြန်လာခဲ့ပါ့မယ်။ ပရိသတ်တွေကို အကြာကြီး စောင့်ဆိုင်းမနေစေချင်ပါဘူး။ အဲဒီအချိန်အထိ ကျန်းကျန်းမာမာနဲ့ စောင့်ဆိုင်းပေးကြပါဦးနော်။ ကျွန်မရဲ့စာလေးကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ် … ”

Photo: actorctj/ Instagram

Choi Tae Joon ကလည်း အလားတူပဲ သူ့ရဲ့ ပရိသတ်တွေဆီကို အသိပေးစာလေး ရေးသားထားပါသေးတယ်။

“မင်္ဂလာပါ။ ကျွန်တော် Choi Tae Joon ပါ။ ကျွန်တော့်ကို အချိန်အကြာကြီး အားပေးလာခဲ့ကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့ရက်တိုင်းကိုလည်း အဲဒီကျေးဇူးတွေကို အောက်မေ့အမှတ်ရပြီး နေထိုင်နေပါတယ် … ”

“ဘယ်သူ့ကိုမှ မပြောရသေးခင် ဒီသတင်းကို ပရိသတ်တွေဆီ အရင်ဆုံး အသိပေးချင်တာကြောင့် ရင်ခုန်စွာနဲ့ပဲ ဒီစာလေးကို ရေးသားလိုက်ရပါတယ်။ ကျွန်တော်ဟာ ခံစားချက် အတက်အကျပေါင်းများစွာကို ဖလှယ်ပြီး အဓိပ္ပာယ်ရှိတဲ့ relationship လေးတစ်ခုကို ကျွန်တော့်ရဲ့ချစ်သူနဲ့ အချိန်အကြာကြီး ဖြတ်သန်းခဲ့ပါတယ်။ သူဟာ ကျွန်တော်ရဲ့ ပျော်ရွှင်ချိန်တွေမှာ ဘယ်လိုအတောက်ပဆုံး ပြုံးရမလည်းဆိုတာ၊ ဝမ်းနည်းနေချိန်မှာ ဘယ်လိုအော်ငိုပစ်ရမယ်ဆိုတာတွေကို စကားလုံးတစ်လုံးမှ မပါဝင်ဘဲ ကျွန်တော့်ကို သင်ကြားပေးခဲ့တဲ့ ကျွန်တော့်ရဲ့ ကယ်တင်ရှင်လေးပါ … ”

Photo: actorctj/ Instagram

“အခုဆိုရင်တော့ ကျွန်တော်တို့နှစ်ယောက်ဟာ ကတိသစ္စာတိုင်တည်ပြီး လက်ထပ်ကြတော့မှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီစကားကို သတိထားပြီး ပြောရတယ်ဆိုပေမယ့် ကျွန်တော်တို့နှစ်ယောက်ရဲ့ ဘဝစာမျက်နှာအသစ်ကို စတင်တော့မယ့်အချိန်မှာပဲ ကံကောင်းခြင်းလက်ဆောင် ရင်သွေးလေးကိုပါ လွယ်ထားရပြီ ဖြစ်ပါတယ် … ”

“ရုတ်တရက် ကြားလိုက်ရတဲ့သတင်းကြောင့် လန့်သွားကောင်း လန့်သွားနိုင်ပေမယ့် အခြားဘယ်သူ့ကိုမှ အသိမပေးခင် ပရိသတ်တွေကို အရင်ဆုံး အသိပေးချင်တာကြောင့် ကျွန်တော့်ရဲ့ မပြည့်စုံတဲ့ စာလေးနဲ့ ကျွန်တော့်ရဲ့ အူလှိုက်သည်းလှိုက် ခံစားချက်လေးကို လက်ဆင့်ကမ်း ပို့ဆောင်ပေးလိုက်ရပါတယ် … ”

Photo: actorctj/ Instagram

“အခုဆိုရင်တော့ မိသားစုဝင်တစ်ယောက်အနေနဲ့ရော၊ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ တာဝန်ဝတ္တရားတွေကို ပြသသွားမှာပါ။ ပရိသတ်တွေရဲ့ မျှော်လင့်ချက်အတိုင်း ဖြည့်စွမ်းပေးနိုင်မယ့် သရုပ်ဆောင်မှုနဲ့လည်း နှုတ်ခွန်းဆက်သချင်ပါသေးတယ်။ စာအရှည်ကြီးကို ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ရာသီဥတုက အေးလာပြီမို့ အားလုံးပဲ ကျန်းမာရေးကို ဂရုစိုက်ကြပါနော် … ”

အခုလို ချစ်သူတွေဘဝကနေ မိသားစုဘဝလေးကို တည်ထောင်ကြတော့မယ့် ချစ်စရာ စုံတွဲလေးအတွက် ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေး ရရှိပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါတယ်။

Glasgow

Source: soompi

RELATED ARTICLES

Most Popular