HomeDramaဇွန်လမှာ ကြည့်ရှုရတော့မယ့် Kang Ha Neul ရဲ့ အက်ရှင်ဒရာမာအသစ် Insider

ဇွန်လမှာ ကြည့်ရှုရတော့မယ့် Kang Ha Neul ရဲ့ အက်ရှင်ဒရာမာအသစ် Insider

JTBC ရုပ်သံလိုင်းက မကြာခင် ထုတ်လွှင့်ပြသတော့မယ့် ဒရာမာအသစ် Insider ကတော့ ပိုစတာထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီဒရာမာကတော့ လာမယ့် ဇွန်လ(၈)ရက်နေ့မှာ စတင်ထုတ်လွှင့်မှာ ဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူး-ကြာသပတေးနေ့တိုင်းမှာ ပြသမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ နာမည်ကျော်မင်းသား Kang Ha Neul က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Insider ဇာတ်လမ်းတွဲကတော့ သည်းထိတ်ရင်ဖိုနဲ့ အက်ရှင်ရောစပ်ထားတဲ့ ဒရာမာတစ်ခု ဖြစ်ပြီး Kim Yo Han ဆိုတဲ့ လူတစ်ယောက်ရဲ့ဘဝအကြောင်းကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Kang Ha Nuel ကတော့ Kim Yo Han ရဲ့ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ထားပါတယ်။ Kim Yo Han ကတော့ အလုပ်သင်ဥပဒေကျောင်းသား ဖြစ်ပြီး အကျင့်ပျက်ခြစားနေတဲ့ အစိုးရအမှုစစ်တွေရဲ့ အားနည်းချက်ကို ဖော်ထုတ်ဖို့ လောင်းကစားဂိုဏ်းတစ်ခုနောက်ကို လိုက်ရာကနေ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် ထောင်ထဲရောက်သွားခဲ့ရပါတယ်။

Photo via mydramalist

အဲဒီနောက်မှာတော့ ဥပဒေသက်ရောက်မှု မရှိတဲ့ အကျဉ်းထောင်ထဲမှာ နေထိုင်ရင်း Kim Yo Han ဟာ သူ့ရဲ့ identity ကို ဖုံးကွယ်ပြီး အတွင်းလူအဖြစ် လှုပ်ရှားပါတော့တယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ အသက်ဆက်ရှင်နိုင်ဖို့နဲ့ မတရား ထောင်ချောက်ဆင် အဖမ်းခံရတာကို ကလဲ့စားချေဖို့ ဖြစ်ပါတယ်။

ပိုစတာထဲမှာတော့ Kim Yo Han ရဲ့ မတူညီတဲ့ ပုံစံနှစ်မျိုးကို ပြသထားပါတယ်။ ဥပဒေအလုပ်သင်အဖြစ် လုပ်ကိုင်နေတဲ့ Kim Yo Han ကတော့ ပြင်းပြတဲ့စိတ်ဓာတ်နဲ့ ဘယ်သူကမှ အလဲမထိုးနိုင်မယ့်လူအဖြစ် မြင်တွေ့ရပြီး ထောင်ထဲမှာ အကျဉ်းသားအဖြစ် နေထိုင်နေရတဲ့ ပုံစံမှာတော့ လိမ်ညာမှုတွေနဲ့ သစ္စာဖောက်မှုတွေကြောင့် နာကျင်ခံခက်ဖြစ်နေပြီး ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချထားတဲ့ပုံစံကို မြင်တွေ့ရပါတယ်။

Photo via mydramalist

ပိုစတာထဲက စာမှာတော့ “ငါ အသက်ရှင်နေသရွေ့ ဒီကစားပွဲက မပြီးဆုံးဘူး…” လို့ ရေးထားတာ တွေ့ရပါတယ်။ ဒီဇာတ်လမ်းနဲ့ ပတ်သက်ပြီး ထုတ်လုပ်ရေးအဖွဲ့ကတော့ အခုလို ရှင်းပြထားပါတယ်။

“လူ့မိစ္ဆာတွေ ကြီးစိုးနေတဲ့ Seongju အကျဉ်းထောင်ထဲမှာတော့ Kim Yo Han ဟာ သူနက်နက်နဲနဲ ယုံကြည်တဲ့ တရားမျှတမှုကို ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားစေမယ့် ဖြစ်ရပ်မျိုးတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ Kim Yo Han ရဲ့ ရှုပ်ထွေးတဲ့ စိတ်အပိုင်းအစတွေအဖြစ် မြင်တွေ့ရမယ့် Kang Ha Neul ရဲ့ သရုပ်ဆောင်မှုကို ဆက်ဆက် စောင့်ကြည့်ပေးကြပါ…” လို့ ဆိုထားပါတယ်။

ဒီဒရာမာထဲမှာတော့ စုစုပေါင်း အပိုင်း(၁၆)ပိုင်း ပါဝင်မှာဖြစ်ပြီး တစ်ပိုင်းကို ပြသချိန် (၁)နာရီခန့် ကြာမြင့်မှာ ဖြစ်ပါတယ်။

Vancouver

Source: soompi

RELATED ARTICLES

Most Popular