HomeEntertainmentFilmလက်ရှိ IMDb မှာ ပရိသတ်စိတ်ဝင်စားမှု အမြင့်ဆုံး ရုပ်ရှင်(၁၀)ကား

လက်ရှိ IMDb မှာ ပရိသတ်စိတ်ဝင်စားမှု အမြင့်ဆုံး ရုပ်ရှင်(၁၀)ကား

၂၀၂၃ ခုနှစ်ဟာ ရုပ်ရှင်ကားအသစ်တွေ အပြိုင်ကြဲနေကြတဲ့ နှစ်တစ်နှစ်လည်း ဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ဘတ်ဂျက်တွေ အများကြီး အသုံးပြုထားတဲ့ blockbuster ရုပ်ရှင်တွေ တစ်ကားပြီးတစ်ကား ထွက်ရှိနေတဲ့နှစ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအချိန် IMDb user တွေကြားမှာ မဲပေးမှုအမြင့်ဆုံးနဲ့ ပေါ်ပြူလာအဖြစ်ဆုံး ရုပ်ရှင်(၁၀)ကားကို ဖော်ပြပေးလိုက်ပါတယ်။

(10) Asteroid City

Asteroid City ကတော့ နာမည်ကျော်ဒါရိုက်တာ Wes Anderson ကိုယ်တိုင် ဇာတ်ညွှန်းရေးသားပြီး ရိုက်ကူးထားတဲ့ Sci-Fi Comedy အမျိုးအစားရုပ်ရှင် ဖြစ်ပါတယ်။ pastel color တွေနဲ့ ထူးခြားတဲ့ ကင်မရာအယူအဆတွေကို သုံးစွဲလေ့ရှိတဲ့ Wes Anderson ရဲ့ ရုပ်ရှင်ကားသစ် ဖြစ်တာကြောင့် ဒီကားဟာလည်း သေချာပေါက် စောင့်ကြည့်ရမယ့် ကားတစ်ကားပါ။

ဇာတ်လမ်းကတော့ ၁၉၅၅ ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး အငယ်တန်း နက္ခတ်ဗေဒပညာရှင်တစ်ယောက်ဟာ သဲကန္တာရအလယ်က မြို့တစ်ခုမှာ ကျင်းပမယ့် နက္ခတ်တာရာကွန်ဗင်းရှင်းကို သွားရောက်နေပါတယ်။ သို့သော်လည်း ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲသွားစေမယ့် ဖြစ်ရပ်တစ်ခုက ဖြစ်ပျက်လာတဲ့အခါမှာတော့ သူ့ရဲ့ခရီးစဉ်ဟာလည်း ကမောက်ကမတွေ ဖြစ်လာပါတော့တယ်။

Jason Schwartzman ၊ Scarlett Johansson ၊ Tom Hanks ၊ Jeffrey Wright ၊ Edward Norton ၊ ‌Maya Hawke အစရှိတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။ ဇွန်လ(၁၆)ရက်နေ့က ယူအက်စ်မှာ စတင်ပြီး ရုံတင်ပြသခဲ့ပါတယ်။ IMDb rating ကတော့ 6.9 ရရှိထားပါတယ်။

(9) Napoleon 

ဒီဇာတ်ကားကတော့ ပြင်သစ်အင်ပါယာရဲ့ နာမည်ကျော်ဧကရာဇ်ကြီး ဖြစ်တဲ့ Napoleon Bonaparte ရဲ့ ဘဝအစဇာတ်လမ်းနဲ့အတူ အင်ပါယာမင်းဧကရာဇ် ဖြစ်လာခဲ့တဲ့ သူ့ရဲ့ခရီးတလျှောက်က ဘဝပုံရိပ်တွေ၊ မကြာခဏ အပြောင်းအလဲမြန်တတ်တဲ့ သူ့ရဲ့စိတ်ဓာတ်နဲ့အတူ သူ့ဘဝရဲ့အချစ်စစ်ဖြစ်တဲ့ Josephine နဲ့ကြားက ဆက်ဆံရေးတွေကိုပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒါရိုက်တာ Ridley Scott က ရိုက်ကူးပေးထားပြီး Venessa Kirby ၊ Joaquin Phoenix နဲ့ Ludivine Sagnier တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားကတော့ R rated ရုပ်ရှင်ဖြစ်ပြီး လာမယ့် နိုဝင်ဘာလ(၂၃)ရက်နေ့မှာ ရုံတင်ပြသမှာပါ။

(8) Guardians of the Galaxy Vol. 3

ဒီကားထဲမှာတော့ Gamora ကို ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်နဲ့ စိတ်ရှုပ်ထွေးနေတဲ့ Peter Quill ဟာ သူတို့ Guardians အဖွဲ့အတွက် အသက်တမျှ အရေးကြီးတဲ့ မစ်ရှင်တစ်ခုကို ပြုလုပ်ဖို့ ဖြစ်လာတဲ့အခါမှာတော့ အဖွဲ့နဲ့အတူ ရင်ဆိုင်တိုက်ခိုက်သွားတဲ့အကြောင်းကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဒါရိုက်တာ James Gunn ရိုက်ကူးထားပြီး Chris Pratt ၊ Chukwudi Iwuji ၊ Bradley Cooper ၊ Dave Bautista အစရှိတဲ့ နာမည်ကျော်များစွာ ပါဝင်ထားပါတယ်။ မေလ (၄)ရက်နေ့က ရုံတင်ပြသခဲ့ပြီး IMDb rating 8.1 ရရှိထားပါတယ်။

(7) Wonka

ဒီကားထဲမှာတော့ Willy Wonka ရဲ့ငယ်ဘဝကို မြင်တွေ့ရမှာဖြစ်ပြီး Oompa-Loompa တွေနဲ့ ဘယ်လိုဆုံတွေ့ပြီး သူ့ရဲ့အစောပိုင်း စွန့်စားခန်းတွေကို ဘယ်လို ရင်ဆိုင်ဖြတ်သန်းခဲ့လည်းဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒါရိုက်တာ Paul King က ရိုက်ကူးပေးထားပြီး Timothée Chalamet ၊ Olivia Colman ၊ Hugh Grant နဲ့ Sally Hawkins တို့က အဓိက ပါဝင်ထားပါတယ်။ Fantasy Musical အမျိုးအစားဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ (၁၃)ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

(6) Indiana Jones and the Dial of Destiny

ဒီကားထဲမှာတော့ ရှေးဟောင်းသုတေသနပညာရှင် Indiana Jones ဟာ သမိုင်းတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်တဲ့ ဒဏ္ဍာရီလာ ရှေးဟောင်းပစ္စည်းတစ်ခုကို အချိန်မရှိတဲ့ကြားက ပြန်လည်ရယူဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒါရိုက်တာ James Mangold က ရိုက်ကူးထားပြီး မင်းသားကြီး Harrison Ford ၊ Phoebe Waller-Bridge နဲ့ Antonio Banderas တို့က အဓိက သရုပ်ဆောင်ထားပါတယ်။ ဇွန်လ (၂၉)ရက်နေ့က ရုံတင်ပြသခဲ့ပြီး IMDb rating 6.8 ရရှိထားပါတယ်။

(5) The Out-Laws

ကိုယ်ကျင့်သိက္ခာကို အလေးထားပြီး စည်းကမ်းကြီးလွန်းတဲ့ ဘဏ်မန်နေဂျာတစ်ယောက်ဟာ သူ့ရဲ့ချစ်သူကို လက်ထပ်ဖို့ လုပ်နေပါတယ်။ သို့သော်လည်း သူလက်ထပ်မယ့် ရက်ပိုင်းအတွင်းမှာမှ သူအလုပ်လုပ်နေတဲ့ ဘဏ်က ဓားပြတိုက်ခံလိုက်ရပါတယ်။ ဒီမှာတင် သူတို့မြို့ကို အခုမှရောက်လာကြတဲ့ ယောက္ခမဘက်က မိသားစုဟာ ဝရမ်းပြေးတွေ ဖြစ်နေတယ်လို့ ထင်လာပါတော့တယ်။

ဒါရိုက်တာ Tyler Spindel က ရိုက်ကူးထားပြီး Adam Devine ၊ Pierce Brosnan ၊ Ellen Barkin နဲ့ Nina Dobrev တို့က အဓိကပါဝင်ထားပါတယ်။ ဒီကားကတော့ R-rated ဖြစ်ပြီး ဇူလိုင်လ (၇)ရက်နေ့က စတင်ပြီး Netflix မှာ ပြသနေပါတယ်။ IMDb rating ကတော့ 5.4 ရရှိထားပါတယ်။

(4) Barbie

ဒီဇာတ်ကားကတော့ လတ်တလောမှာ ပရိသတ်စိတ်ဝင်စားမှု အမြင့်ဆုံး ရရှိနေတဲ့ ဇာတ်ကားတွေထဲမှာ နံပါတ်(၄)နေရာက ရပ်တည်နေပါတယ်။ ဒီဇာတ်လမ်းထဲမှာ‌တော့ Barbie ဟာ သူမ နေထိုင်တဲ့ကမ္ဘာနဲ့ သူမရဲ့ဖြစ်တည်မှုတစ်ခုလုံးကို မေးခွန်းထုတ်စရာတွေ ဖြစ်လာပြီး ဘယ်လိုရင်ဆိုင် ကျော်ဖြတ်သွားမလည်းဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဇူလိုင်လ(၂၀)ရက်နေ့က ရုံစတင်နေပြီး လက်ရှိအချိန်မှာ‌တော့ IMDb 7.8 ရရှိထားပါတယ်။ ဒါရိုက်တာ Greta Gerwig က ရိုက်ကူးပေးထားပြီး Margot Robbie ၊ Ryan Gosling ၊ Nicola Coughlan ၊ Dua Lipa ၊ Simu Liu အစရှိတဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။

(3) Oppenheimer

ပရိသတ်စိတ်အဝင်စားဆုံး နံပါတ်(၃)ဖြစ်နေတဲ့ ရုပ်ရှင်ကတော့ Oppenheimer ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန် သိပ္ပံပညာရှင်တစ်ယောက် ဖြစ်တဲ့ Robert Oppenheimer နဲ့ အက်တမ်ဗုံး တီထွင်မှုအတွင်းက သူ့ရဲ့အရေးပါမှုတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒါရိုက်တာ Christopher Nolan က ရိုက်ကူးပေးထားပြီး Cillian Murphy ၊ Emily Blunt ၊ Matt Damon ၊ Robert Downey Jr. အစရှိတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ ဇူလိုင်လ(၂၀)ရက်နေ့က စတင်ပြီး ရုံတင်ပြသနေသလို လက်ရှိအချိန်ထိ IMDb rating 9.0 ရရှိထားပါတယ်။

(2) Sound of Freedom

Blockbuster တွေကြားထဲမှာ low-budget နဲ့ ရိုက်ကူးထားပြီး ပေါ်ပြူလာအဖြစ်ဆုံး ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ရုပ်ရှင်ကတော့ Sound of Freedom ဖြစ်ပါတယ်။ ဒီကားကတော့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ Drama Thriller အမျိုးအစား ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ တာဝန်ကအနားယူသွားတဲ့ အစိုးရအရာရှိဟောင်းတစ်ယောက်ဟာ လိင်ကုန်ကူးသမားတွေရဲ့ လက်ကနေ ရာနဲ့ချီတဲ့ ကလေးတွေကို ကယ်တင်ဖို့ အန္တရာယ်များလွန်းတဲ့မစ်ရှင်ကို လုပ်ဆောင်ရတဲ့အကြောင်း ဖြစ်ပါတယ်။ ဒါရိုက်တာ Alejandro Monteverde က ရိုက်ကူးပေးထားပြီး Jim Caviezel ၊ Mira Sorvino နဲ့ Bill Camp တို့က အဓိက သရုပ်ဆောင်ထားပါတယ်။ ဇူလိုင်လ(၄)ရက်နေ့က ရုံတင်ပြသခဲ့ပြီး IMDb 8.1 ရရှိထားပါတယ်။

(1) Mission: Impossible – Dead Reckoning Part One 

ပရိသတ်စိတ်အဝင်စားဆုံး ရုပ်ရှင်ကတော့ Mission: Impossible – Dead Reckoning ပဲ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Ethan Hunt နဲ့ သူ့ရဲ့ IMF team ဟာ အန္တရာယ်ကြီးလွန်းတဲ့ လက်နက်တစ်ခုကို မသမာသူတွေရဲ့လက်ထဲ ရောက်မသွားဖို့ လိုက်လံရှာဖွေရတဲ့အကြောင်းကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဒါရိုက်တာ Christopher McQuarrie က ရိုက်ကူးထားပြီး Tom Cruise ၊ Hayley Atwell ၊ Ving Rhames ၊ Simon Pegg ၊ Rebecca Ferguson ၊ Vanessa Kirby အစရှိတဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။ ဇူလိုင်လ(၁၃)ရက်နေ့က စတင်ပြီး ရုံတင်ပြသနေကာ IMDb 8.1 ရရှိထားပါတယ်။

Vancouver

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular